ဝေရယ်ကိုယ်ရယ်ကမ္ဘာကြီးရယ် (ကဗျာ) By ညိုမင်းခက်


ဝေရယ်ကိုယ်ရယ်ကမ္ဘာကြီးရယ် (ကဗျာ) By ညိုမင်းခက်

တယ်လီဖုန်းကြိုးတွေကို ဖြတ်သန်း
နေ့တွေညတွေကို ဖြတ်သန်း
အဝေးပြေးလမ်းတွေကိုဖြတ်သန်း
မင်းရောက်လာတဲ့အခါ
အချိန်ပျားရည်လေးတစ်စက်
ကိုယ့်လက်ဖဝါးမှာ မတော်တဆပြုတ်ကျလာတယ်

သောက်နေတဲ့လိမ္မော်ရည်ထဲ
မင်းနှုတ်ခမ်းတွေ နစ်ဝင်သွားတဲ့အခါ
မင်းနှုတ်ခမ်းပေါ်ကလိမ္မော်ရည်ဟာ ပိုချိုတယ်သက်သေပြဖို့
မျက်လုံးလေးခဏမှိတ်

နီးကပ်နေပေမယ့် ကိုယ့်မှာအရည်ပျော်ခွင့်မရှိလို့
အစိုင်အခဲအဖြစ်ပဲ ပူလောင်နေရပါတယ်
အချစ်ဟာအမောလား ပြီးရင်အလွမ်း လာဦးမယ်
ကိုယ်နမ်းပြီးပြီပဲ ဟုတ်တယ်
နမ်းပြီးပြီ ဟုတ်တယ်
တော်ပြီပေါ့ ဟုတ်တယ်

ငါ့သွေးသားတောင့်တမှုဟာ မင်းအနမ်းတစ်ခုတည်းနဲ့နှစ်သိမ့်လို့ရပေမယ့်
ငါ့အလွမ်းတွေကိုတော့ မင်းဘာနဲ့မှ နှစ်သိမ့်လို့မရနိုင်ဘူး
ဒီနေ့လည်း အပြင်းအထန်သတိရမိပြန်ပြီ
မင်းဓာတ်ပုံလေးသက်ဝင်လှုပ်ရှားလာတဲ့အထိ စိုက်ကြည့်နေမိတယ်

မင်းလွင့်ထွက်သွားပြီဆိုကတည်းက ဒီမှာပန်းတွေမပွင့်တော့ဘူး
၀ါးနေတဲ့ပီကေလေးလည်း အချိုရည်မကျန်တော့ဘူး
နေထွက်ချိန်ဟာသိပ်နောက်ကျပြီး နေဝင်ချိန်ဟာစောလွန်းလို့
နွေးထွေးမှုကို ငါတို့မရလိုက်ဘူး
အချစ်ရဲ့နူးညံ့မှုကို ငါတို့စူးစမ်းမှုမပြုလိုက်ရဘူး

မြို့ကြီးရဲ့လမ်းတွေပေါ် ငါတို့ဆိုင်ကယ်အတူစီးတဲ့အခါ
ငါ့အနားကို မင်းကပ်ထားပါ ငါ့ခါးကို မင်းဖက်ထားပါ
ငါဟာ မင်းလက်ဖျံရိုးထဲမှာ ရှိတယ်ဆိုတာရယ်
မင်းကို ငါတစ်ယောက်တည်းပဲ ပိုင်တယ်ဆိုတာရယ်
ပိုသေချာသွားအောင်ပေါ့

လှည့်ကြည့်လိုက်တိုင်း ငါ့အနောက်မှာ မင်းရှိနေပါစေ
ငဲ့ကြည့်လိုက်တိုင်း ငါ့ဘေးမှာမင်းရှိနေပါစေ
အဲဒီလိုပဲ ငါဆုတောင်းမိတယ်
အခုတော့ ကံစီမံရာဟာ တစ်မြို့စီတစ်နယ်စီ

ဘဝဟာတိုလွန်းတယ် ဆုံစည်းခြင်းဟာမရှိသလောက်နည်းတယ်
မင်းကိုချစ်နေရဖို့ နောက်ဘဝပေါင်းများစွာက ဘဝတွေ
ငါထပ်ပြီး ငှားရဦးမှာပဲ
ဒီလိုအချိန်ပေါ့
ဒီလိုဆောင်းရာသီဂုံးတံတားကြီးရဲ့ အလယ်ခေါင်တည့်တည့်မှာပဲ
ကိုယ်တို့ စတွေ့ခဲ့ကြတာလေ
အခုလည်း အဲဒီလိုသိပ်အေးနေပြီ
မြူတွေနှင်းတွေသည်းနေပြီ
အဖြူရောင်ဆွယ်တာလေးထဲမှာ တိုးထွက်လာတဲ့နှင်းဆီ
မင်းဟာ ဆောင်းရဲ့နတ်သမီးတစ်ပါးပေါ့

မတွေ့ရတဲ့အချိန်တွေ ထူထပ်စွာပေါက်ရောက်နေတဲ့ကြားထဲ
ငါတို့အချစ်တွေ ကျိုးကျဲခဲ့ကြတယ်
ဒီဇာတ်မျောကြီးကို ရိုက်နေတာ ဘယ်ဒါရိုက်တာလဲ
အခန်းတိုင်း အခန်းတိုင်းကို နောက်ကြောင်းပြန်ပြန်နေရတာ
တွေ့ပြီးသားနေ့ရက်တွေကို ပွတ်သပ်ချော့မြူနေရတာ
အလွမ်းဟာ ရနံ့ပြင်းတဲ့ရေမွှေးပုလင်းပေါ့
အခု ငါ့ရှေ့မှာ မှောက်ကျနေပြီလေ

ငါ့တစ်ကိုယ်လုံးကို စစ်ထုတ်ကြည့်လိုက်တော့လည်း
မင်းကိုချစ်တဲ့အချစ်တွေက တင်ကျန်ရစ်ခဲ့တယ်
မင်းဖုန်းခေါ်သံက ငါ့စိတ်ကို ရေငတ်ပြေစေတယ်
ငါ့ဖုန်းခေါ်သံကရော မင်းစိတ်ကို နွေးထွေးစေပါ့မလား
တို့ဆီမီးလေး လေတိုက်မခံရဖို့
ကိုယ်တို့ရင်ခုန်သံနဲ့ပဲ ကာကွယ်သွားရမှာ

ဝေရယ်ကိုယ်ရယ်ကမ္ဘာကြီးရယ်
မျှော်လင့်ထားတဲ့ ပျော်ရွှင်မှုရယ် အမြန်ပေါင်းရဖို့
အရှိန်ပြင်းတဲ့ရထားပေါ် ခုန်တက်
ငါတို့ စွန့်စားလိုက်ကြမလား

ညိုမင်းခက်

Popular posts from this blog

☸️ယေဓမ္မာ ဟေတုပ္ပဘဝါ

☸️ပဋိစ္စသမုပ္ပာဒ် စက်ဝိုင်းဒေသနာ☸️

မာန